ဘဏ္ဍာရေးမူဝါဒမှာ နောက်ထပ် ချို့ယွင်းချက်တစ်ခုကတော့ crowding-out လို့ခေါ်တဲ့ effect ဘဲ ဖြစ်ပါ တယ်။ ဒီတစ်ခါလဲ crowding-out effect ကို မြန်မာလိုဘာသာပြန်ရတာ ခက်လို့ ဒီအတိုင်းဘဲ ရေးလိုက်ပါတယ်။ ဆိုလိုတာကတော့ ကောင်းကျိုးတစ်ခုရအောင်လုပ်ပေမဲ့ ဆိုးကျိုးတစ်ခုက အဲဒီ အကျိုးကိုခြေဖျက် ဖယ်ထုတ်ပစ်လိုက်တဲ့ အကျိုးသက်ရောက်မှုမျိုးပါ။ စီးပွားရေးကို တိုးချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ expansionary fiscal policy ဟာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင် အသုံးစရိတ်ကို များများသုံးတယ် သို့သော်လိုငွေကို ဖြစ်စေတယ်။ အတိုးနှုန်းကို တက်စေတယ်။ အတိုးနှုန်းတွေ တက်တော့ ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေတယ်။ အဲလိုနည်းနဲ့ expansionary policy ရဲ့ ကောင်းကျိုးကို ပျက်စေ၊ အားပျော့စေပါတယ်။ မြင့်မားတဲ့အတိုးနှုန်းဟာ အတိုးနှုန်းအတက်အကျဒဏ်ကို မခံနိုင်တဲ့ စားသုံးမှုပုံစံအသုံး စရိတ်ကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ ဥပမာ မော်တော်ကားကို အကြွေးနဲ့ ဝယ်တာမျိုး။ အတိုးကပေးနေရတာကိုး။ သို့သော်လည်း GDP မှာ ရင်းနှီးမြှုပ်နှံမှုဟာ အတက်အကျ အများဆုံး အစိတ်အပိုင်း ဖြစ်တဲ့အတွက် ဒီ crowding-out effect ကို စားသုံးမှုပေါ် အာရုံမပြုဘဲ ရင်းနှီးမြှုပ်နှံမှု ပေါ်ကိုဘဲ အဓိက ဦးတည် အာရုံပြု ထားလိုက်ပါမယ်။ expansionary fiscal policy က ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်စေပြီး စီးပွားရေးကို တိုးချဲ့အောင်လုပ်တယ်။ ဒါပေမဲ့ အတိုးနှုန်းတွေမြင့်တက်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ လျော့ကျတာနဲ့ ခြေဖျက်လိုက်ခြင်းကြောင့် စီးပွားရေးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ တားဆီးသလား ဆိုတာကို ကြည့်ကြည့်မယ်။